Tuesday, September 26, 2023

The Movie Technique

English Text Books ကိုမသုံးဘဲ Real English ကို အသုံးပြုပြီး စစ်မှန်တဲ့ တကယ့်လောကမှာ အသုံးပြုတဲ့ English ကိုလေ့လာ ကျွန်တော်အမြဲတမ်းပြောပါတယ်။ ဒါဆိုဘယ်လိုလေ့လာရမလဲ။ ဘယ်ဟာတွေက Real English ဖြစ်ပြီး တကယ့်လောကမှာ အသုံးပြုတာလဲ။ တကယ့်လောကမှာ အသုံးပြုတဲ့ English ဆိုတာ မိမိလေ့လာထားတဲ့ English ဟာ တကယ့်လက်တွေ လောကမှာလည်း အသုံးပြုတဲ့ English ပါပဲ။ သဘာဝမကျတဲ့ English Text Books တွေကို လေ့လာပြီး မြန်မာလူမျိုးအများစုဟာ အပြင်လက်တွေ့ လောကမှာ အသုံးပြုနေတဲ့ English ဘာသာစကားကို နားမလည်ဘူး ဖြစ်နေကြပါတယ်။ အဲ့တော့ တကယ့်ကို ကောင်းကောင်းမွန် သဒ္ဒါတွေ ၊ အချိန်ကာတွေ မစဉ်းစားပဲ ပြောတတ်ချင်တယ် ၊ Native Speakers တွေ မြန်မြန်ဆန်ဆန်ပြောတဲ့အခါမှာလည်း နားလည်ချင်တယ်၊ ဘာသာပြန်တာတွေကိုလည်း စိတ်ညစ်တယ်ဆို ရင် ကျွန်တော် အခုပြောမယ် နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။ English Text Books ထက်လည်း အများကြီး အကျိုးသက်ရောက်မှုရှိသလို မိမိလေ့လာနေတဲ့ English ဘာသာစကားဟာလည်း စစ်မှန်တဲ့ တကယ့်အပြင်လောကမှာ အသုံးပြုနေတဲ့ ဘာသာစကားဖြစ်တဲ့အတွက် အသံအနေအထား ၊ အဖြတ်အတောက်၊ အသံထွက် တွေကို တစ်ခါတည်း လေ့လာပြီးသားဖြစ်နေပါတယ်။

ဒီနည်းလမ်းဟာ အင်္ဂလိပ်ဇာတ်ကားတွေ အသုံးပြုပြီးလေ့လာရမှာပါ။ ဒီနည်းလမ်းဟာ Beginner ကနေ Advance ထိအသုံးပြုလို့ရပါတယ်။ English Moives တိုင်းတော့ လေ့လာလို့မရပါဘူး။ ရွေးချယ်ရမယ့် ဇာတ်လမ်းတွေကတော့ Drama, Romance, Family, Documentary တွေပဲဖြစ်ပါတယ်။ ထားပါတော့ မိမိ က Family ဇာတ်လမ်းကို ရွေးချယ်လိုက်ပြီဆိုပါတော့။ ပထမဆုံးအနေနဲ့ မိမိက ဇာတ်လမ်းအခြေနေကို နားလည်ချင်တယ်ဆိုရင်တော့ အစအဆုံးတစ်ခေါက်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပထမဆုံးအနေနဲ့ မကြည့်ချင်လည်းရပါတယ်။ အဲ့လိုပြုလုပ်ပြီးတာနဲ့ နောက်တစ်ဆင့်က ၊ မိမိက အပိုင်းလေးတွေ ဖြတ်ပြီး လေ့လာရပါမယ်။

English Movies အပိုင်းဖြတ်နည်း။
ပထမဦးစွာ အစောပိုင်း ၃ မိနစ်စာ ကိုဖြတ်ပြီးတော့ လေ့လာရပါမယ်။

 
English Subtitles အသုံးပြုနည်း။
၃ မိနစ်စာ ဖြတ်ပြီးတာနဲ့ ပထမဦးစွာ Subtitles နဲ့ အရင်လေ့လာရပါမယ်။ Subtitles ဖွင့်ပြီး အဲ့ဒီ ၃ မိနစ်စာလေးကို ကြည့်ရင်းနဲ့ နားထောင်ပါ။ လေ့လာနေတဲ့အခါမှာ မိမိနားမလည်တဲ့ စကားလုံးတွေကို တွေ့ပါလိမ့်မယ်။ ရေးမှတ်ထားလိုက်ပါ။
ရေးမှတ်ပြီးတာနဲ့ English Dictionary ထဲမှာ ရှာလိုက်ပါ။ မြန်မာလို အဓိပ္ပါယ်ရေးတာတော့ အားမပေးပါဘူး။ ဖြစ်နိုင်ရင် English အဓိပ္ပါယ် ရေးပါ။ မိမိ အရမ်းနားမလည်တော့မှ မြန်မာလို ရေးမှတ် လေ့လာပါ။  ပြီးတာနဲ့ နောက်တစ်ခေါက် ပြန်ကြည့်ပါ။ ဒီတစ်ခေါက်မှာ မိမိက စကားလုံးအသစ်တွေ လေ့လာပြီးပြီမို့ လွယ်ကူနေပါလိမ့်မယ်။ ဒါဆိုနှစ်ခေါက်မြောက် ဖြစ်သွားပါပြီ။ တတိယတစ်ခေါက်ကိုလည်း ခုနကလိုပဲ Subtitles ဖွင့်မယ် ကြည့်ပြီးနားထောင်မယ်။ တနင်္လာနေ့အတွက်ပြီးသွားပါပြီ။

အဂါင်္နေ့ရောက်လာရင် အဲ့ဒီနေ့မှာ မိမိတနင်္လာနေ့က လေ့လာခဲ့တဲ့ ၃ မိနစ်အပိုင်းလေးကို ပြန်ဖွင့်လိုက်ပါ။ ဒီတစ်ခေါက်လေ့လာတဲ့အခါမှာ Subtitles ကိုလုံးဝအသုံးမပြုလဲ နားထောင်ကြည့်ပါ။ တကယ်လို့ နားမလည်သေးဘူး ၊ Subtitles လိုအပ်သေးတယ်ဆိုရင် ပြန်ဖွင့်ပြီး ၃ ခါလောက်နားထောင်ပေးပါ။ ကြည့်ပေးပါ။ အင်္ဂါနေ့မှာလည်း မိမိက Subtitles ကိုဖွင့်ထားရင်းနဲ့ မိမိလေ့လာထားတဲ့ စကားလုံးအသစ်ရဲ့ ဆိုလိုရင်း မေ့တတ်တာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုမျိုးဖြစ်တယ်ဆိုရင် မိမိမှတ်ထားတဲ့ ဆိုလိုရင်း မြန်မြန်ပြန်ကြည့်ပြီး ၊ ဇာတ်လမ်းဆက်လေ့လာပေးပါ။ Memorizing လို့ခေါ်တဲ့ အလွယ်ကျက်မှတ်တဲ့ ပုံစံမျိုးကို လုံးဝမလုပ်ပါနဲ့။ မိမိဘယ်လောက်ပဲ စကားလုံးအသစ်ကို မေ့မေ့ ဒီနည်းလမ်းအတိုင်းပဲ အသုံးပြုပေးပါ။ မေ့သွားရင်ချက်ချင်းပြန်ကြည့်မယ်။ ပြီးရင် ဇာတ်လမ်းကို ဆက်ပြီးလေ့လာသွားမယ်။ ဒါဆိုရင် အင်္ဂါနေ့အတွက် ပြီးသွားပါပြီ။

ဗုဒ္ဓဟူးနေ့ရောက်လာရင်လည်း အင်္ဂါနေ့အတိုင်းပါပဲ။ ဒါပေမယ့် အင်္ဂါနေ့မှာ မိမိတကယ့်ကို သေချာနားလည်သွားပြီဆိုရင် ဗုဒ္ဓဟူးနေ့မှာ Subtitles ကိုဖွင့်ပြီ နားထောင်ဖို့ မလိုတော့ပါဘူး။ ဒါပေမယ့် Subtitles ကို မိမိနားလည်သည့်အထိ အသုံးပြုပေးလို့ရပါတယ်။ နားလည်သွားပြီဆိုရင်တော့ ဒီအတိုင်းပဲ Subtitles အသုံးမပြုဘဲ ၃ခေါက် ၄ ခေါက် နားထောင်ပေးပါ။ အကြိမ်ရေများလေ ကောင်းလေပါပဲ။

ကြာသပတေး ၊ သောကြာ ၊ စနေ ၊ တနင်္ဂနွေ အဲ့ဒီနေ့တွေမှာလည်း ဒီအတိုင်း Subtitles အသုံးမပြုဘဲလေ့လာပေးပါ။ အဲ့ဒီနေ့တွေ နားထောင်တဲ့အခါမှာလည်း တစ်နေ့ကို ၄ ခေါက်  ၅ ခေါက် နားထောင်ပေးရပါမယ်။ လူအချင်းချင်းတော့ ကွာခြားပါတယ်။ တချို့က တစ်ပတ်မှာ တော်တော်နားလည်သွားပါတယ်။ တချို့ကျတော့ နားမလည်သေးပါဘူး။ ဒါဆို တစ်ပတ်နဲ့ မလုံလောက်သေးတဲ့သူတွေက နောက်တစ်ပတ်ကို ဒီပုံစံအတိုင်း ထပ်လေ့လာပါ။ တစ်ပတ်နဲ့ လုံလောက်သွားတဲ့သူတွေက နောက် ၃ မိနစ်စာ ကို ထပ်ဖြတ်ပြီး ဒီပုံစံအတိုင်းလေ့လာရပါမယ်။ အဲ့ဒီလို ၃ မိနစ်စာဖြတ် ၊ တစ်ပတ် ၊ နှစ်ပတ်လေ့လာ ၊ နောက် ၃ မိနစ်ကို မိမိလေ့လာနေတဲ့ English Moives ကထပ်ဖြတ် ဒီပုံစံအတိုင်းပဲ လေ့လာပါ။ မိမိလေ့လာနေတဲ့ English Movies ဟာထပ်တူညီရပါမယ်။ ဇာတ်ကားတစ်ခုလုံးပြီးဖို့ တစ်လကျော် ကြာချင် ကြာပါလိမ့်မယ်။ ဘယ်လောက်ကြာလဲ အရေးမကြီးပါဘူး။ မိမိက ဖြတ် ဖြတ်သွားတဲ့ ၃ မိနစ်စာတွေမှာ သေချာလေ့လာဖို့ပဲ လိုအပ်တာပါ။
ဇာတ်ကားတစ်ကားလုံးပြီးရင် မိမိ နားလည်မှုစွမ်းရည် ၊ အသံအနေ အသံအထားတွေ ၊ အဖြတ်အတောက်တွေဟာ အရမ်းတိုးတက်လာပါလိမ့်မယ်။

လေ့လာနိုင်တဲ့ Movies တွေကတော့ Drama, Family, Romance, Documentary တွေပဲဖြစ်ပါတယ်။ နောက်တစ်ခု မိမိတို့ဘက်က ရွေးချယ်နိုင်တာရှိပါတယ်။ မိမိမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ Favourite Actor တွေ ၊ Actress တွေရှိတယ်ဆိုရင် မိမိက သူတို့ ဇာတ်လမ်းတွေကို ရွေးချယ် နားထောင်ပြီး ၊ လေ့လာရင်လည်း ရပါတယ်။ ယောကျာ်လေးကတော့ ယောက်ျားလေး Actor ကိုရွေးချယ်ဖို့လိုအပ်ပါတယ်။ မိန်းကလေးကလည်း မိန်းကလေး Actress ကိုလေ့လာဖို့လိုပါတယ်။ မိမိရွေးချယ်ထားတဲ့ ဇာတ်ကောင်ပေါ်မှာ မူတည်ပြီး သူတို့ စကားပြောရင် ပြုလုပ်တဲ့ အမူအရာ ၊ အသံနေ အသံအထား ၊ လက်တွေ ခြေထောက်တွေ ရွေ့လျားမှုတွေ ဘယ်အရမဆို လေ့လာပြီး မိမိလည်းသူတို့ အတိုင်း ပြုလုပ်ပြီး လေ့လာလို့ရပါတယ်။

ကျွန်တော်ခုနက အပေါ်မှာ ပြောခဲ့သလိုပဲ တချို့က ၃ မိနစ်စာကို နားလည်ဖို့ တစ်ပတ်ပဲလိုအပ်တယ် ၊ တချို့ကျတော့နှစ်ပတ်လိုအပ်တယ်။ တစ်ပတ်ပဲလိုအပ်တဲ့သူတွေက တစ်ပတ်ပြီးတာနဲ့ အဲ့ဒီ မိမိလေ့လာခဲ့တဲ့ ၃ မိနစ်စာ အဟောင်းလေးကို ပဲ နောက်တစ်မျိုး ထပ်လေ့ကျင့်လိုရပါတယ်။ ကဲထားပါတော့ တစ်ပတ်ပဲလိုအပ်တဲ့သူတွေက တစ်ပတ်အတွင်းနားလည်သွားပြီ။ နောက်တစ်ပတ်မှာ English Subtiltes ကိုပြန်ဖွင့်ပြီး သူတို့ English Sentence တစ်ကြောင်းပြောရင် ရပ်မယ် ၊ လိုက်ပြောမယ်။ တစ်ကြောင်းပြီးတိုင်းမှာ ရပ်မယ် ၊ လိုက်ပြောမယ်။ အဲ့ဒီတစ်ပတ်အတွင်း တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူးနေ့မှာ  အဲ့ဒီ ၃ မိနစ်စာထဲမှာ ပြောတဲ့ စကားတွေအကုန်လုံးကို ရပ်မယ် ၊ လိုက်ပြောမယ်။ ကျန်တဲ့ ကြာသပတေး ၊ သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့တွေ မှာ အဲ့ဒီ ၃ မိနစ်စာ အဟောင်းထဲကပဲ သူတို့ ပြောတာနဲ့ မရပ်နဲ့တော့ ၊ မိမိပါ တစ်ခါတည်း လိုက်ပြောပေးပါ။ နှစ်ပတ်ပြည့်မှာ နားလည်တဲ့သူတွေလည်း ဒီလိုပဲ လေ့လာနိုင်ပါတယ်။ ဒါက Speaking လေ့ကျင့်ပေးတာပါ။ ပထမပြောခဲ့တာတွေက Listening လေ့ကျင့်ပေးထားပါ။

ဘယ်အရာကိုမဆို မိမိသေချာတိုးတက်ချင်တယ်ဆိုရင် စိတ်ရှည်ရပါတယ်။ အဲ့ဒီတော့ ဇာတ်လမ်းတစ်ခုလုံးပြီးဖို့ တစ်လကျော် ကြာချင် ကြာလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းတစ်ခုလုံး ပြီးတဲ့အခါမှာ မိမိ နားလည်မှု စွမ်းရည်တွေ ၊ စကားပြောတွေ ၊ အရေးအသားတွေ ကို ဆန်းစစ်ကြည့်ပါ။ အရမ်းအံ့အောဖို့ ကောင်းနေပါလိမ့်မယ်။ တိုးတက်မှုတွေ အရမ်းသိသာပါတယ်။ ဒီနည်းလမ်းဟာ English Langauge တင်မှ မဟုတ်ပါဘူး ။ မိမိက ဘယ်ဘာသာစကားကိုမဆို လေ့လာတဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်လို့ ရေးသားရင်း ဒီမှာ ခဏ ရပ်ထားပါမယ်။

ဆရာ​ရွှေကမ္ဘာ​အောင်
တချိန်က အနှိမ်ခံ ခဲ့ရသူတစ်​ယောက်
၂၆.၉.၂၃
 

No comments:

Post a Comment

  " သဒ္ဒါကိုလေ့လာနေခြင်းဟာ လုံးဝအလုပ်မဖြစ်ပါဘာသာဗေဒါပညာရှင် (Stephen Krashen and Noam Chomsky) "Linguists" EME မှာ (၆) ...